Kain Nayie-Kain Nayar

ကိန္နရာများဟာ နူးညံ့တဲ့အမူအရာရှိခြင်း၊ ပန်းဝတ်ဆံကို စားသုံးခြင်း၊ အဆင်းအင်္ဂါနဲ့ ပြည့်စုံခြင်း၊ ဘုရားပွင့်တော်မူတဲ့နေ့မှာ ဝမ်းမြောက်ဝမ်းသာ မြူးထူးခြင်း စသည့် မင်္ဂလာများရှိတယ်လို့ အစဉ်အလာအရ မြန်မာလူမျိုးတို့က ယုံကြည်ကြပါတယ်။ ဒါကြောင့်ပဲ မြန်မာဘုရင်မင်းများက ရာဇပလ္လင်မှာ ကိန္နရာကနေတဲ့ဟန် ထုလုပ်လေ့ရှိကြပါတယ်။ မြန်မာတိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်တဲ့ ကယားလူမျိုးများကတော့ သူတို့ဟာ ကိန္နရာ၊ ကိန္နရီများက ဆင်းသက်လာတယ်လို့ ယုံကြည်ကြပါတယ်။ မြန်မာနိုင်ငံကယားပြည် ငွေတောင်ပေါ်မှာ ကိန္နရာ၊ ကိန္နရီတွေ နေထိုင်ခဲ့ကြတယ်လို့ လူသိများပါတယ်။ ဒီလို ကောင်းခြင်းတွေနဲ့ ပြည့်စုံတဲ့ ကိန္နရာ၊ ကိန္နရီမောင်နှံကို မြန်မာ့ရိုးရာကနုတ်ပန်းနဲ့ တွဲစပ်ဖန်တီးထားတဲ့ ဒီဇိုင်းကတော့ မြန်မာ့ယဉ်ကျေးမှုကိုရော၊ ကိန္နရီမောင်နှံကိုပါ ချစ်မြတ်နိုးပြီး နိမိတ်ကောင်းကို ယုံကြည်တဲ့ ပရိသတ်တွေအကြိုက်တွေ့မှာ သေချာပါတယ်။

Myanmar Harp Har

25,000 ks

Harp

မြန်မာစကားထာဆိုတာကတော့ ဉာဏ်စမ်းလိုတဲ့ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ဖွက်ပြီး မေးမြန်းတဲ့ အဆိုအမိန့်၊ အဖွဲ့အနွဲ့တွေပဲ ဖြစ်ပါတယ်။ ရှေးယခင်မြန်မာလူမျိုးတွေရဲ့ “ပါးစပ်စာပေ” ထဲမှာ စကားထာတွေဟာလည်း တစ်ခန်းတစ်ကဏ္ဍက ပါဝင်ခဲ့ပါတယ်။ အခုပန်းချီကားမှာတော့ မြန်မာလူမျိုးတွေရင်းနှီးပြီးသားဖြစ်တဲ့ “မြေမှာသက်၊ ငှက်လည်းမဟုတ်၊ ရင်မှာထား၊ သားလည်းမဟုတ်၊ အမြီးကောက် မျောက်လည်းမဟုတ်၊ အသံသာ ကညာမဟုတ်” ဆိုတဲ့ စကားထာလေးကို လှလှပပ ပြန်လည်သရုပ်ဖော်ချယ်မှုန်းထားတာ ဖြစ်ပါတယ်။ ဒီစကားထာလေးရဲ့ အဖြေကတော့ ပုံမှာမြင်ရတဲ့အတိုင်း မြန်မာ့စောင်းတူရိယာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဂီတရဲ့ အရေးပါတဲ့တူရိယာတစ်ခုဖြစ်တဲ့ စောင်းကို မြန်မာအမျိုးသမီးငယ်တစ်ဦးက ယဉ်ကျေးသာယာစွာ တီးခတ်နေတဲ့ သရုပ်ဖော်မှုဖြစ်ပါတယ်။ သရုပ်ဖော်ပုံတစ်ခုတည်းမှာ မြန်မာအငွေ့အသက်များစွာ စီးဝင်နေတဲ့ ပုံရိပ်လေးဖြစ်လို့ မြန်မာမှုချစ်သူတွေအကြိုက်တွေ့ပြီး အမြတ်တနိုးသိမ်းဆည်းနိုင်မှာ ဖြစ်ပါတယ်။

Myanmar Orchestra

မြန်မာ့ယဉ်ကျေးမှုမှာနဲ့ မြန်မာ့ဂီတမှာ မပါမဖြစ် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုကတော့ မြန်မာ့ဆိုင်းဝိုင်း ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ဆိုင်းဝိုင်းကို မပျောက်ပျက်ဖို့ ရည်ရွယ်ပြီး နိုင်ငံတော်ဆိုင်းဝိုင်းလို့တောင် သီးသန့်ဖွဲ့စည်းပြီး ဆိုင်းဝိုင်းအနုပညာကို ပြန်လည်ဖော်ထုတ်လျက်ရှိပါတယ်။ ဒီသရုပ်ဖော်ပုံလေးမှာတော့ မြန်မာ့ရိုးရာသဘင်နဲ့ ဆိုင်းဝိုင်းကို အခြေခံပြီး၊ မင်းသားမင်းသမီး ကချိုးကဟန်တွေကိုပါ သပ်သပ်ရပ်ရပ် ပုံဖော်ထားပါတယ်။ မြန်မာ့ရိုးရာ ဇာတ်သဘင်နဲ့ ဆိုင်းဝိုင်းတို့ရဲ့ ခမ်းနားကြီးကျယ်ပုံနဲ့ မြန်မာတို့ရဲ့ ခိုင်မာတဲ့ယဉ်ကျေးမှုတို့ကို အရောင်အသွေးစုံလင်စွာ ဖော်ကျူးထားတဲ့ လက်ရာကောင်းတစ်ခုဖြစ်ပါတယ်။ ဂီတယဉ်ကျေးမှုဟာ ခေတ်ရေအစီးအလိုက် ပြောင်းလဲလာပေမယ့် မြန်မာ့ရိုးရာဇာတ်သဘင်နဲ့ ဆိုင်းဝိုင်းကတော့ ဆက်လက်ရှင်သန်ဆဲနေပြီး မြန်မာယဉ်ကျေးမှုရဲ့ ခမ်းနားတဲ့သမိုင်းကြောင်းကို လှစ်ပြနေဆဲဖြစ်ပါတယ်။

Myanmar Ethnics

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ထူးခြားမှုတစ်ခုကို ပြပါဆိုရင် အရောင်အသွေးစုံလင်တဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသားတွေအားလုံး တစ်မြေတည်းမှာ စုစည်းနေထိုင်တဲ့သရုပ်ကို ပြရမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားလူမျိုးစု တစ်ခုချင်းစီမှာ ထူးခြားတဲ့ သီးသန့်အမှတ်လက္ခဏာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ပိုင်ဆိုင်ထားပြန်ပါသေးတယ်။ ဒီသရုပ်ဖော်ပုံလေးမှာတော့ တိုင်းရင်းသားညီအစ်ကို မောင်နှမများရဲ့ ထူးခြားတဲ့ ရိုးရာဝတ်စားဆင်ယင်ပုံဓလေ့တွေကို ဖော်ကျူးထားပါတယ်။ မတူကွဲပြားတဲ့ စုံလင်တဲ့ယဉ်ကျေးမှုတွေကို တစ်မြေတည်းမှာ ညီညွတ်စွာပေါင်းစည်းထားတဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနောက်ခံ အားကောင်းမှုကို ခံစားနိုင်မှာဖြစ်သလို၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ ချိုးဖြူငှက်ငယ်ကိုလည်း မြင်တွေ့နိုင်ပါတယ်။